‘နှစ်ပတ်အလို’ က copy သာ မှန်ခဲ့ရင် ကြိုက်သလို ဆဲ သွား နိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

‘နှစ်ပတ်အလို’ က copy သာ မှန်ခဲ့ရင် ကြိုက်သလို ဆဲ သွား နိုင်တယ်ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

‘နှစ်ပတ်အလို’ ရုပ်ရှင်ကားကြီးကတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ကိုယ်တိုင်ရေး လုံးချင်းဝတ္ထုသစ် ကို ပြန်လည်ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။ ပြေတီဦး ၊ မင်းဦး ၊ ကျော်ကျော်ဗို ၊ ဝတ်မှုန်ရွှေရည်နဲ့ အေးမြတ်သူတို့ ပါဝင် သရုပ်ဆောင်ထားပြီး ဇာတ်ကား ပိုစတာ ထွက်လာချိန်မှာတော့ ကော်ပီကားဆိုပြီး ဂယက်တွေ ရိုက်နေပါတယ်။ နိုင်ငံခြားကားဖြစ်တဲ့ ‘two weeks notice’ ကို ကော်ပီယူထားတယ်ဆိုတဲ့ သတင်းထွက်လာချိန်မှာတော့ ဒါရိုက်တာ မောင်မျိုးမင်းက ခုလိုမျိုး ဖြေရှင်းသွားပါတယ်။

ဇာတ်ကားထဲက ရတီချမ်းဆိုတဲ့ ဇာတ်ကောင်ကို ကြိုက်တဲ့အကြောင်း မောင်မျိုးမင်းက ခုလို ပြောပြပါတယ်။

“၂၀၁၆ က ရိုက်တာ။ ဇာတ်ဝင်ခန်းက တော်တော်များများ ကြိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအထဲမှာ ကြိုက်တာက ရတီချမ်းဆိုတဲ့ ဇာတ်ကောင်တစ်ကောင်က ယောက်ျားတွေအများကြီးကို အုပ်ချုပ်လာတော့ ယောက်ျားတွေအကြောင်းသိတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေတဲ့ သူ့အကိုရဲ့ အသက်ကို ကယ်လိုက်တဲ့ ကျေးဇူးရှင်တစ်ယောက်ကို အပြင်မှာ တွေ့တဲ့အခါကျတော့ နေဖို့ထိုင်ဖို့ အားလုံး စီစဉ်ပေးတယ်။

ညလည်းကျရော ကောင်မလေးတစ်ယောက်ကို လွှတ်ပေးလိုက်တယ်။ ကောင်မလေးက တံခါးခေါက်တော့ ဘာကိစ္စလဲဆိုတော့ မမရတီချမ်း လွှတ်လိုက်တာတဲ့။ ဘာကိစ္စလဲလို့ မေးတော့ သူက ထောင်ထဲမှာ နေလာတဲ့ လူတစ်ယောက်အတွက် ဘာတွေလိုအပ်မယ် သူသိတယ်တဲ့။ အဲ့အတွက် အိပ်လို့မပျော်တဲ့ ညဖြစ်ဖြစ် ပျော်လို့ မအိပ်တဲ့ ညဖြစ်ဖြစ် အဖော်မဲ့နေမှာ စိုးလို့။ အဲ့မှာတင်သူက ရတီချမ်းဆီ ဖုန်းဆက်ပြီး ခင်ဗျား….မနက်ဖြန်ကျလို့ရှိရင် ကျွန်တော်သူ့ကို ဘာတွေမှာလိုက်လဲ ဆိုတာ ကျေးဇူးပြုပြီး မေးပေးပါတဲ့။

ကောင်မလေးက မနက်ကျတော့ပြန်ပြောတယ်။ ညတုန်းက သူအရက်တွေသောက် မူးပြီးတော့ သူနဲ့ တူတူအိပ်တယ်တဲ့။ အိပ်တဲ့အချိန်မှာ ထူးဆန်းတာက တစ်ညလုံး သူ့နာမည် ဘယ်သူလို့လည်း မပြောဘူးတဲ့ ။ သူ့နာမည်လည်း မခေါ်ဘူးတဲ့ ။ သူ့နာမည် ဘာလည်းလို့လည်း မမေးဘူးတဲ့။ တစ်ညလုံး အိပ်ပျော်သွားပေမဲ့ ကယောင်ကတန်း ရွတ်တာဆိုလို့ ရတီချမ်းဆိုတဲ့ မိန်းမတစ်ယောက်ပဲတဲ့။ အဲ့အချိန်မှာ အေးမြတ်သူ ဖြစ်သွားတဲ့ အိုက်တင်က ပြန်လုပ်ပြလို့ မရဘူး။” လို့ ဆိုပါတယ်။

မိဘမေတ္တာ ဖော်ညွှန်းတာမျိုး ပါကြောင်းလည်း မောင်မျိုးမင်းက ခုလို ပြောပါတယ်။“ဝတ္ထုရေးပြီးမှဆိုတော့ ဒီဝတ္ထုထဲက ဇာတ်ကောင်နဲ့ လိုက်မယ့် လူတွေကို ရွေးလိုက်ရတာ။ မိဘမေတ္တာ ဖော်ညွှန်းတာပါတယ်။ အဲ့ဒါထက် မိဘတွေအချင်းချင်း ချစ်တဲ့ အချစ်ကို ဖော်ညွှန်းထားတာပါတယ်။” လို့ ဆိုပါတယ်။

ကော်ပီလို့ ပြောနေသူတွေကိုတော့ မောင်မျိုးမင်းက ခုလို သတိပေးသွားပါတယ်။

“ကော်ပီလို့ ပြောနေသူတွေ အားလုံးကို စခရင်ရှော့ခ် ရိုက်ထားတယ်။ ရိုက်ထားပြီးတော့ အဲ့ဇာတ်ကား ပြတဲ့အချိန်ကျရင် ရော့….အဲ့မှာ ကြည့်လိုက်ပါ။ သူတို့ပြောတဲ့ ကော်ပီဆိုတဲ့ ဇာတ်ကားထဲက တစ်ခုတစ်လေ တူတယ်ဆိုရင် ဦးမျိုးကို လမ်းမှာတွေ့ရင် တံတွေးနဲ့ ထွေးသွားနိုင်တယ်။ ကြိုက်သလို ဆဲသွားနိုင်တယ်။ ဒါပေမဲ့ မတူခဲ့ရင်တော့ အဲ့လူတွေက တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာအတွက်ရော သူ့ဂုဏ်သိက္ခာအတွက်ရော လေးစားသောအားဖြင့် ဝန်ခံပေးပါ။” လို့ ဆိုပါတယ်။

နှစ်ပတ်အလို ရုပ်ရှင်ကားကြီးကိုတော့ ၂၀.၆.၂၀၁၉ မှာရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Facebook Comments