ဦးဝီရသူ ၁ လအတွင်း လာရောက်အဖမ်းခံရန် တရားရုံးအမိန့်ထုတ်

ဦးဝီရသူ ၁ လအတွင်း လာရောက်အဖမ်းခံရန် တရားရုံးအမိန့်ထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ ကို တလအတွင်း လာရောက်အဖမ်းခံဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။တရားရုံးအနေနဲ့ တရားလိုသက်သေ ၉ ယောက်လုံးကို စစ်ဆေးလို့အပြီးမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၇၊ ၈၈ အရ အမိန့်ချမှတ်ခဲ့တာပါ။

အနောက်ပိုင်းခရိုင် တရားရုံး ဥပဒေအရာရှိ သတင်းပြန်ကြားရေးတာဝန်ခံ ဦးမင်းသန့်က “အခုလို အမိန့်ချမှတ်လိုက်တာကြောင့် ရဲက ဒီတလအတွင်းမှာ ဦးဝီရသူနေထိုင်ခဲ့တဲ့ကျောင်းတွေ၊ တရားရုံးမှာ အများပြည်သူ ထင်ရှားတဲ့ မြို့နယ်ကျေးရွာ နေရာတွေမှာ လာရောက်ဖြေရှင်းဖို့ စာတွေကို ရဲက လိုက်ကပ်ရမှာပေါ့။ ဒါကတော့ ဒီတလအတွင်း ရဲဘက်က ဆောင်ရွက်ရမယ့် ကိစ္စဖြစ်သွားပြီ။ ဒီတလအတွင်းမှာ လာရောက် မဖြေရှင်း အဖမ်းမခံဘူးဆိုရင်တော့ တရားခံပြေးအဖြစ် ကြေညာဖို့ တရားရုံးက ဆက်လက် ဆောင်ရွက်ရမှာပေါ့။ အချိန်တလ ပေးလိုက်တဲ့ သဘောပါ” လို့ရှင်းပြပါတယ်။

ရန်ကုန်နဲ့မြိတ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ဂုဏ် သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သမ္မတရုံးက တိုက်ရိုက်ညွန်ကြားချက်နဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မနဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ဦးစန်းမင်းက တရားလိုပြုလုပ် တိုင်တန်း ထားတာပါ။

ဦးဝီရသူဟာ လက်ရှိအချိန်ထိ လာရောက်အဖမ်းမခံသေးတာကြောင့် အမှုကို မျက်ကွယ်မှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။ဦးဝီရသူကို တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတရုံးက မေလ ၂၅ ရက်မှာ အခွင့်အာဏာ အပ်နှင်းတဲ့ အမိန့်စာကိုလည်း တရားလိုဖြစ်သူက တရားရုံးကို တင်သွင်းထားပါတယ်။

Facebook Comments