ဖခင်မရှိခိုက် (၆)တန်းကျောင်းသူအား ညစောင့်ဝန်ထမ်းမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား

ဖခင်မရှိခိုက် (၆)တန်းကျောင်းသူအား ညစောင့်ဝန်ထမ်းမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူကို ညစောင့်ဝန်ထမ်းအမျိုးသားမှ ညအချိန် ကျူးကျော်ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအမှတ်(၅)တွင် နေထိုင်သော ၁၂ နှစ်သမီး(ဆဋ္ဌမတန်းကျောင်းသူ)သည် ဇွန်လ ၁၄ ရက်၊ ယနေ့နံနက်တွင် မြို့မရဲစခန်းသို့ သက်ဆိုင်ရာလူကြီးများနှင့်ရောက်ရှိပြီး ၎င်းကိုအဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သူကို အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြစ်မှုကျူးလွန်သူမှာ သပိတ်ကျင်းမြို့နယ်ရှိ ရွှေမိခင်တောင်ကုမ္ပဏီနှင့်ဖက်စပ်၍လုပ်ကိုင်သည့်လုပ်ငန်းတွင် ညစောင့်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်သော အသက် ၂၃ နှစ်ရှိချစ်ရင်ထူးဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားကြောင်း သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရသည်။

တရားလိုသည် သပိတ်ကျင်းမြို့ပေါ်ရှိ ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်သည့်နေရာသို့ ဇွန်လ ၁၃ ရက်တွင်သွားရောက်၍ ယင်းနေ့ည ၁၀ နာရီတွင်ဖခင်၏တဲ၌တစ်ဦးတည်းအိပ်နေကြောင်း၊ ည ၁၀ နာရီခွဲခန့်တွင် ညစောင့်ဝန်ထမ်းဖြစ်သည့် ချစ်ရင်ထူးကခြင်ထောင်အတွင်းဝင်ရောက်၍ မ——–၏ ခန္ဓာကိုယ်အနှံ့ကိုပွတ်သပ်ကိုင်တွယ်ကာ အဓမ္မပြုကျင့်ရန်ကြံစည်စဉ်

တရားလို မ——–က တွန်း၍အပြင်သို့ပြေးထွက်ကာ လုံခြုံရေးအဆောင်တွင် ရှိသော ဖခင်ထံအကြောင်းကြားခဲ့ရာမှ ယခုလို အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

“ကောင်မလေးက သူ့အဖေအလုပ်လုပ်တဲ့နေရာကို သွားပြီးတော့ အလုပ်သမားတဲမှာခြင်ထောင် ထောင်ပြီးအိမ်နေတယ်။ ဖခင်ကတော့ လုံခြုံရေးအဆောင်ရှေ့မှာအိပ်နေတာပေါ့။အဲဒီလိုတစ်ယောက်ထဲအိပ်နေတဲ့ ကောင်မလေးခြင်ထောင်ထဲကို ချစ်ရင်ထူးက၀င်ရောက်ပြီး

အဓမ္မပြုဖို့ကြိုးစားအား ထုတ်တဲ့အချိန်မှာ ကောင်မလေးကဆောင့်တွန်းပြီး ဖခင်ဖြစ်သူဆီကို အကြောင်းကြားတယ်။ပြန်လာတော့ ချစ်ရင်ထူးမရှိတော့ဘူး။ဖြစ်စဉ်ကတော့ ဒီလောက်ပါပဲ” ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ RND Agencyသို့ ပြောကြားတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သော ချစ်ရင်ထူး(၂၃)နှစ် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်နေထိုင်သူအား ဖမ်းဆီး၍ ညအချိန်တိတ်တဆိတ်ဝင်ရောက်ကျူးကျော်မှု ၄၅၆၊ အဓမ္မပြုကျင့်ရန်ကြံစည်မှု ၃၇၆/၅၁၁ တို့ဖြင့် သပိတ်ကျင်းမြို့မရဲစခန်း၌ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

RND –ဓာတ်ပုံ – သဲမောင်ရို့စ် ပုည

Facebook Comments